
Acne ဝက်ခြံ ရောင်စုံ
Acne ဝက်ခြံဆိုတာ ဆရာဝန်တွေ အတော်လေး အမေးခံရ ကုပေးကြရတဲ့ ရောဂါ တခုပါ။ နာတာရှည်လဲ ဖြစ်တယ်။ လူငယ်-လူရွယ်တွေ ၈၅% မှာ ဖြစ်ကြရတယ်။ ဝက်ခြံ ဆိုတိုင်း အတူတူနဲ့ အနူနူ မဟုတ်ပါ။ အရောင် မတူကြဘူး။ Red bumps, Whiteheads, Blackheads အနီ-အဖြူ-အနက်။ မတူဘူးဆိုတာက ကုရာမှာလဲ မတူဘူး။ အဖြူနဲ့ အနက်တွေက (ပလပ်) တွေလိုဘဲ။ မွေးညင်းအိတ် ပိတ်နေရင် အဖြူ၊ ပွင့်နေရင် အမဲ။ ရင်းနေရင် အနီ။ Pus ပြည်ရှိနေတာပါ။ ဝက်ခြံ ဆိုတာက မွေးညင်းအိတ်၊ ချွေးထွက်အိတ်နဲ့ မွေးညင်း၊ ၃ မျိုး ဆက်စပ်နေတယ်။
Sebaceous glands ချွေးထွက်အိတ်တွေကနေ Sebum (စီဘမ်) ဆိုတာ ထုတ်ပေးနေလို့ အသားအရေ စိုစွပ်နေစေတယ်။ မြီးကောင်ပေါက် အရွယ်ရောက်ရင် Androgens (အင်ဒရိုဂျင်) ဟော်မုန်း တန်ခိုးနဲ့ ပိုထွက်တယ်။ အသက် ၂ဝ ကျော်မှ ပြန်ကျတယ်။ ချွေးနဲ့ အတူ (ဆဲလ်) အပျက်အစီးတွေပါ ရောထွက်လာတယ်။ ဒီတော့ အိတ်မှာ ပြည့်နေမယ်။ ဘေးက အရေပြားကို ပြန့်နှံ့လာစေတယ်။ မျက်နှာအဆီပြန်တယ် ပြောကြတာပေါ့။ ဒီအတိုင်းသာ ဖြစ်နေရင် ဘာမှ ပြဿနာ မပေါ်ဘူး။
အရေပြား (ဆဲလ်) တွေက ပိုကပ်စေးမှု ဖြစ်လာတာ၊ အိတ်ထိပ်ပိုင်းမှာ ပိုများလာတာ၊ ချွေးထွက်များလာတာဆိုရင် ဒုက္ခ စပေးတော့မယ်။ P. acnes ဆိုတဲ့ ဗက်တီးရီးယားတွေ များပြားလာမယ်။ ရောဂါအဆင့်တော့ မရောက်သေးဘူး။ ဒီအဆင့် ဆိုရင် Benzoyl peroxide ဆေးနဲ့ ဗက်တီးရီးယားတွေကို နှိမ်နိုင်တယ်။ Salicylic acid 2% လိမ်းဆေးက စေးကပ်မှုကို တားပေးမယ်။
တကယ်လို့ ထွက်ပေါက်ကျဉ်းပြီး ပိတ်လာရင် Whitehead (Closed Comedone) “ဝက်ခြံ-ခေါင်းဖြူ” ဆိုတာ ဖြစ်လာမယ်။ အပေါက်ပွင့်နေသေးရင် Blackhead (Open Comedone) “ဝက်ခြံ-ခေါင်းမဲ” ခေါ်တယ်။ ပိုးကိုသေအောင် ပဋိဇီဝ စားဆေး၊ လိမ်းဆေး သုံးရမယ်။ Tetracycline, Erythromycin, Minocycline, Doxycycline, Clindamycin ဆေးတွေ ဖြစ်တယ်။
ဝက်ခြံကို အဆင့်ဆင့် ခေါ်သေးတယ်။ Acne Pimple ဆိုတာ ဗက်တီးရီးယားကြောင့် ဘေးကအရေပြားကို ရောဂါ ရလာတဲ့ အဆင့်၊ Red bump နီပြီး ဖေါင်းလာမယ်။ ပဋိဇီဝဆေးကို သေခြာပေါက် ပေးရမယ်။ Acne Pustule ဆိုတာ ပြည်တည် လာတာကို ခေါ်တယ်။ Acne Cyst ဆိုတာကတော့ အိတ်တခုလို ပိုကြီးလာတာပါ။
ကုရတာက လာမယ်-ကြာမယ် အစားဖြစ်ပါတယ်။ ဝက်ခြံ စဖြစ်တာ အရွယ်ရောက်ချိန်ကြမှမို့ အရွယ်ရလာရင် ပျောက်မှာ သေခြာတယ်။ အရွယ်ဆိုတာလဲ ဟော်မုန်းနဲ့ သိပ်ဆိုင်တယ်။ ဝက်ခြံနဲ့ပါတ်သက်တဲ့ ဟော်မုန်းက အသက်နဲ့တင် မကဘူး၊ လိင်စိတ် ပြောင်းတာ၊ ကျား-မ ဆက်ဆံတာ၊ အိမ်ထောင်ကျတာ၊ ကိုယ်ဝန်ရှိတာ စတဲ့ အခြေအနေမျိုးတွေကို လိုက်တယ်။ ဝက်ခြံရှိနေသူဟာ “နုပျို-သစ်လွင်သေးတယ်” ဆိုတဲ့ ပြရုပ်အစစ် ဖြစ်ပါတယ်။
ဝက်ခြံ ရောင်စုံတွေအတွက် အရေပြားကို ဂရုစိုက်ဘို့ လိုပါတယ်။ ဂရုစိုက်ယုံနဲ့ ပျောက်မယ် ပြောတာတော့ မဟုတ်ပါ။ အစားအစာကြောင့်ဖြစ်တာ မဟုတ်လို့ အစားကို ထည့်ပြောတာ နည်းလမ်းမကျပါ။ အဆီတွေ၊ (ဆဲလ်) အသေတွေ ရှင်းအောင်လို့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ မျက်နှာသစ်ပါ။ Oil-based makeup ဆီနဲ့လုပ်တဲ့ မိတ်ကပ် မသုံးပါနဲ့။
ဆရာဝန်တွေက မဟုတ်ဘဲ အတွေ့အကြုံ ရှိသူတွေပေးတဲ့ နည်းတွေပါ ရေးပါရစေ။
Tip 1: ရေ ဖန်ခွက် ၃-၄ ခွက်ကို ကျိုပြီး Soda bicarbonate ဆိုဒါမှုံ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ မျက်နှာသုတ်ပုဝါကို အဲဒီအထဲ စိမ်ပြီး မျက်နှာပေါ် ၅-၆ ခါ အုပ်ပါ။ နောက် ဆန်မှုံ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ Curd ဒိန် ၁ ဇွန်းကို ရောပြီး လိမ်းပေးပါ။ နောက်ဆုံး ရေအေးနဲ့ မျက်နှာသစ်ပါ။
Tip 2: အလှဆီ-ဆပ်ပြာ Glycerin soap နဲ့ ဆားနဲနဲ ရောပြီး သုတ်လိမ်းပါ။ ၁ ပါတ် ဆက်လုပ်ပါ။
Tip 3: နံနံပင် အရွက်ကို အရည်လုပ်၊ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နံနွင်းမှုံ့ လက်ဖက်ရည်ဇွန်း တဝက် ရောပါ။ ညအိပ်ရာဝင်မှာ လိမ်းပေးပါ။ မနက်လင်းရင် မျက်နှာသစ်ပါ။ ၁ ပါတ် ဆက်လုပ်ပါ။
Tip 4: သံပရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သစ်ကြံပိုးအမှုံ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပါ။ ညအိပ်ရာဝင်မှာ လိမ်းပေးပါ။ မနက်လင်းရင် မျက်နှာသစ်ပါ။ ၁ ပါတ် ဆက်လုပ်ပါ။
ဆရာဝန်မလိုတဲ့ နောက်နည်းတွေကလဲ စိတ်ဝင်စားကြမယ် ထင်ပါတယ်။
• ရေနွေး ဖန်ခွက် ၄ ပုံ ၁ ပုံထဲကို ဆားခါး Epsom salt (Magnesium sulfate) လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ Iodine အိုင်အိုဒင်း ၄ စက် ရောထည့်ပါ။ အေးလာတဲ့အခါ ဂွမ်းစလေးနဲ့ ဖြစ်တဲ့နေရာတွေကို လိမ်းပေးပါ။ ခြောက်သွေ့ချိန်မှာ အဝတ်သန့်သန့်နဲ့ ရှင်းပြစ်ပါ။
• Methi (Fenugreek) leaves ပဲနံ့သာရွက် လတ်လတ် ဆတ်ဆတ်ကို ရေနဲ့ရော ချေပြီး၊ ၁ဝ-၁၅ မိနစ် လိမ်းပေးပါ။
• သံပရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ကျိုတားတဲ့ နွားနို့ တဖန်ခွက်ထဲ ရောပြီး လိမ်းပါ။
• နံသာနီ Red sandalwood 5 gm နဲ့ Cinnamon powder နနွင်းမှုံ့ 5 gm ရောပါ။ နွားနို့ နဲနဲပါ ထည့်ပါ။
• Almond powder ဗာဒံစေ့ အမှုံ့ကို ရေနဲ့ ရောပြီး လိမ်းပေးပါ။
• ဆား၊ ပျားရည် နဲ့ သံပရာရည် ဆတူရော လိမ်းပါ။ Yogurt ဒိန်ချဉ်လဲ ထည့်နိုင်တယ်။
• ပျားရည် ခပ်နွေးနွေးနဲ့ မျက်နှာသစ်နိုင်တယ်။
• မြေပဲဆီ သံပရာရည် ဆတူရောပြီး လိမ်းပါ။
• ကြက်ဥအကာ (အဖြူ) လိမ်းပါ။
• ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း နဲ့ Cinnamon powder နနွင်းမှုံ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး လိမ်းပါ။
အလှအပနဲ့ကျန်းမာရေး မြန်မာလို စာမျက်နှာတွေမှာလဲ ဘိုလိုရေးတာတွေနဲ့ မကွာတာကို သတိထားမိတယ်။ သူ့ဆီက ကိုယ်ယူတာလား၊ ကိုယ့်ဆီက သူယူတာလား မသိပါ။ အကြံတူ-ဉာဏ်တူတွေလဲ ဖြစ်နိုင်ပါတယ်။
Reference
- Dr. တင့်ဆွေ blog
