လူငယ်များ ကျန်းမာရေး၊ အစားအစာလုံခြုံရေး|Adolescent Health and Food Security

Adolescent Health and Food Security လူငယ်များ ကျန်းမာရေး၊ အစားအစာလုံခြုံရေး

Health Awareness Program
Jointly organized by Don Bosco Ashalayam, NHEC/WR and Yamuna Clinic
29-5-2008
New Delhi

Adolescent Health and Food Security အရွယ်မရောက်တရောက်လူငယ်များ ကျန်းမာရေး
ကလေးအရွယ်မှ လူကြီးပိုင်းမရောက်မီ စပ်ကူးမတ်ကူးအရွယ်ကို Adolescent လူပျိုပေါက်-အပျိုပေါက်အရွယ်၊ မြီးကောင်ပေါက်အရွယ် စသဖြင့်ခေါ်သည်။ သူတို့၏ အမူအရာ၊ ဘဝပုံစံ တို့သည် သူတို့၏ လက်ငင်းနှင့် အနာဂတ်ဘဝ ကျန်းမာရေးအခြေအနေကို များစွာသက်ရောက်စေသည်။ သူတို့၏အရွယ်၌ ဆိုးရွားသော ကျန်းမာရေး ပြဿနာများမှာ ယာဉ်တိုက်မှု၊ အကြမ်းဖက်မှု၊ ဆေးလိပ်သောက်ခြင်း။ မူးယစ်ဆေးဝါးသုံးစွဲခြင်း။ လိင်ပိုင်းဆိုင်ရာ အမူအကျင့်များ စသည်တို့ပါဝင်သည်။ သူတို့၏ အစားအသောက် အလေ့အထများကလည်း အနာဂတ် ကိုယ်ခန္ဓာဖွံ့ဖြိုးခြင်းများကို များစွာ သက်ရောက်စေသည်။ ပတ်ဝန်းကျင်(မိသားစု၊ ကျောင်း၊ သူငယ်ချင်း၊ ရပ်ရွာထဲ) ရှိ အခြေအနေများကလည်း သက်ရောက်စေသည်။ ထို့ကြောင့် အပေါင်းလက္ခဏာ ဆောင်သည့်သက်ရောက်မှုများရရှိစေရန် အစိုးရကောင်း၊ (ကွန်မြူနတီ)ကောင်း စသည်တို့က စုစုစည်းစည်း လက်တွဲဖေါ်ဆောင်ပေးရမည်။

အရွယ်ရောက်ခြင်း၊
ကလေးအရွယ်က ရှိနေသော ကိုယ်ခန္ဓာသည် လူကြီးကဲ့သလို့ အရွယ်ရောက်လာခြင်းကိုခေါ်သည်။ ထိုအချိန်ကာလ၌ ထွက်လာသည့် ကျား-မ ဟော်မုန်းများကြောင့် ထိုသို့ ပြောင်းလဲစေသည်။ ၎င်း ဟော်မုန်းများကြောင့် ဦးဏှောက်၊ အရိုးအဆစ်၊ ကြွက်သား၊ ရင်သားတို့ ကြီးထွား လာသည်။ စိတ်ပိုင်းဆိုင်ရာသည်လည်း သိသိသာသာ ပြောင်းလဲလာ သည်။ ထိုအချိန်မှစ၍ မျိုးပွားစေနိုင်စွမ်း ရရှိလာသည်။

ယောက်ျားလေး-မိန်းကလေးများ၏ မတူသော ပြောင်းလဲမှုများ၊ မိန်းကလေးများက ၁-၂ နှစ်စော၍ အရွယ်ရောက်သည်။ မိန်းကလေးများ၌ ၉-၁၄ နှစ်၊ ယောက်ျားလေးများ၌ ၁ဝ-၁၇ နှစ်တွင် ပြောင်းသည်။ မိန်းကလေးများက နောက် ၄ နှစ်တွင် အရပ်အမောင်းနှင့် မျိုးပွားခြင်းဆိုင်ရာ တို့သည် လူကြီးလို ပြည့်စုံသွားပြီး ယောက်ျားလေးများ၌ နောက် ၆ နှစ်ကြာမှ လူကြီးလို ပြည့်စုံသည်။

ယောက်ျားလေးများ၌ဖြစ်သော အပြောင်းအလဲများ
လိင်ပိုင်းဆိုင်ရာ အင်္ဂါအားလုံး ကြီးထွားလာသည်။ ဆီးစပ်ရိုးတဝိုက် အမွှေး၊ နှုပ်ခမ်းမွှေး၊ မုတ်ဆိပ်မွှေး၊ ဂျိုင်းမွှေး စသည်တို့ ပေါက်လာသည်။ အသံပြောင်းလာသည်။ ကိုယ်ခန္ဓာအချိုးအစား ပြောင်းလာသည်။ ကိုယ်နံ့ ပြောင်းလာသည်။ ဝက်ခြံပေါက်လာသည်။

မိန်းကလေးများ၌ဖြစ်သော အပြောင်းအလဲများ
ရင်သား ဖွံ့ဖြိုးလာသည်။ ဆီးစပ်တဝိုက် အမွှေးပေါက်လာသည်။ လိင်ပိုင်းဆိုင်ရာ အင်္ဂါအားလုံး ကြီးထွားလာသည်။ လစဉ် ရာသီလာသည်။ ကိုယ်ခန္ဓာအချိုးအစား ပြောင်းလာသည်။ ကိုယ်နံ့ ပြောင်းလာသည်။ ဝက်ခြံပေါက်လာသည်။

စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ
လူပျိုပေါက် အပျိုပေါက်အရွယ်သည် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ကြီးမားစွာဖြစ်သည်။ လူတို့၏ စိတ်၊ မျက်စိ၊ နား၊ လျှာ၊ နှာခေါင်း၊ ကိုယ်ခန္ဓာဟူ၍ အာရုံခံနိုင်စွမ်း (၅) မျိုးရှိရာ စိတ်ကစားလာသည်။ လှပမှုကို မြင်ချင်စိတ်၊ ကြည့်ချင်စိတ် ပိုလာသည်။ အသံ၏ သာယာမှုကို နှစ်သက်လာသည်။ အနံ့၏ မွှေးကြိုင်မှုကို ကြိုက်လာသည်။ အရသာ၏ ကောင်းမှုကို စွဲမက်လာသည်။ ကိုယ်၏ သာယာမှု၊ အထိအတွေ့ စသည်တို့ကို တပ်မက်လာသည်။ မရင့်ကျက်သေး၍ ထိုသို့သော တပ်မက်ဖွယ်ရာများနောက်သို့ အတိုင်းအတာထက် လွန်၍ လိုက်သွားတတ်သည်။ ထို့ပြင် ထိုအားနည်းချက်ကို အခွင့်ကောင်း ယူတတ်သူများ၏ အန္တရာယ်မှာ ကြီးမားလှသည်။ တချက်မှားက တသက်လုံး ထိခိုက်သွားစေတတ်သည်။
၎င်းအရွယ်သည် စိတ်အပြောင်းအလဲများရာ အတုခိုးလွယ်သည်။
ပါတ်ဝန်းကျင်၊ အပေါင်းအသင်း အရေးကြီးသည်။ ကောင်းစွာသင်ကြား ပေးနိုင်သော အမိ၊ အဖ၊ အကို၊ အမ၊ ဦးလေး၊ အဒေါ်၊ ဆရာ၊ ဆရာမ စသူတို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်။ ဖယောင်းကဲ့သို့ မီးနှင့်တွေ့လျှင် ပျော့၍ အေးလွယ်-ပူလွယ်သည်။ ပုံသွင်းကောင်းဖို့ အရေးကြီးပေသည်။

ပါတ်ဝန်းကျင်၏ သက်ရောက်မှုများ
ပါတ်ဝန်းကျင်သည် ၎င်းအရွယ်၌ ပို၍ လွှမ်းမိုးနိုင်သည်။ အတုမြင်၊ အတတ်သင်ချိန်ဖြစ်သည်။ လယ်သမား မိသားစုက မွေးလျှင် လယ်သမားဖြစ်ဖို့ ဦးတည်နေသည်။ ကျူးကျော်ရပ်ကွက်ထဲနေရသည့် ကလေးများသည် ရိုင်းစိုင်း၊ ခိုးဆိုးရန် အားပေးသလို ဖြစ်နေတတ်သည်။ (ဦးတည်နေတတ်သည် ကိုသာဆိုလိုသည်။) ကျောင်းကောင်းကောင်းထားပေးသည့် ကလေး၏အနာဂတ်သည် ပို၍ လှပစေနိုင်ပေသည်။

ယဉ်ကျေးမှု၏ သက်ရောက်မှုများ
ယဉ်ကျေးမှုများသည် အရွယ်ရောက်လာသူတို့ပေါ်၌ များစွာသော သက်ရောက်မှုရှိသည်။ ဘာသာရေး၊ ဝတ်စားဆင်ယင်မှု၊ စားသောက်မှု၊ ဓလေ့ထုံးစံများ၊ နီတိသင်ကြားမှုများ၊ ကျောင်းသင်ခန်းစာ၊ ဖတ်သည့် စာအုပ်စာတမ်းများ၊ မီဒီယာများ ဖြစ်ကြသည်။ သို့သော် ခိုင်မြဲမှု မရှိသေးသောကြောင့် တသက်လုံးအထိ ပါစေနိုင်သည့်ကိစ္စများကို ထိမ်းသိမ်းပေးဖို့လိုသည်။ ဥပမာ ကလေးဘဝ၌ လက်ထပ်ပေးခြင်း၊ ငယ်ငယ်နှင့် အိမ်ထောင်ကျခြင်း၊ ဖျက်မရသော ထိုးကွင်းမင်ကြောင် ထိုးခြင်း။

ကလေး၏ အစွမ်းအစ၊ ဉာဏ်ရည်၊ ဝါသနာကို ကောင်းစွာ သိထားဖို့လိုသည်။ တိုင်းတပါး၌ ကြီးပြင်းရသည့်ကလေးများ မိခင်တိုင်းပြည်ကို သိပ်မချစ်ကြတော့။ မိခင်လူမျိုးတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုများကို သိပ်မခင်တွယ်တော့။

အရက်နှင့် မူးယစ်ဆေးဝါး
ယာဉ်တိုက်မှုများ၏ ၄၁ % မှာ အရက်ကြောင့်ဖြစ်ရသည်။ အရက်နှင့် မူးယစ်ဆေးဝါးများကြောင့် မလိုလားအပ်သော ခိုက်ရန်ဖြစ်မှုများ ဖြစ်စေသည်။ စာသင်ခြင်းကို ထိခိုက်မည်။ အလုပ်အကိုင်ကို ထိခိုက်မည်။ ရာဇဝတ်မှုမကင်းသည်များ ဖြစ်စေသည်။ အရက်စွဲခြင်းကြောင့် နာတာရှည်ရောဂါများ (အသဲ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ပတ်ဝန်းကျင်နှင့် အဆင်မပြေမှုများ၊) ဖြစ်စေမည်။ HIV ရောဂါကိုလည်း မူးယစ်ဆေးများက ပို၍အဖြစ်များစေသည်။ အမျိုးသမီးဖြစ်နေပါက တနှစ်အောက်ကလေးသေနှုန်း များစေသည်။
တာဝန်မဲ့သော အစိုးရများသည် ကလေးစစ်သား စုဆောင်းသည်။ ကလေးသူငယ်စောင့်ရှောက်ရန် လစ်ဟင်းသည်။

ကလေးများအား မဖွယ်မရာပြုမူခြင်း
ကလေးများစွာတို့မှာ မေ့လျော့-ပြစ်ထားခံရခြင်း၊ မဖွယ်မရာပြုခံရခြင်းတို့ ခံနေရသည်များ ရှိသည်။ ကလေးတို့၏ မိဘများ၊ မိသားစုဝင်များ၊ ဆရာ-ဆရာမများ၊ ကလေးထိမ်းများက ပြုကျင့်ကြသလို၊ ကလေးကို မသိကြသူများကလည်း ထိုကဲ့သို့ ကျူးလွန်နေကြသည်။

လိင်ပိုင်းဆိုင်ရာ အမူအရာများ
အရွယ်မတိုင်မီ လိင်ဆက်ဆံခြင်းကြောင့် လိင်မှတဆင့်ကူးစက်သည့်ရောဂါများ၊ မလိုလားအပ်သောကိုယ်ဝန် ဆောင်မှုများ၊ သားပျက်ခြင်း၊ သားဖျက်ခြင်း၊ မွေးဖွားရန်ခက်ခဲခြင်းများ ယင်းတို့ကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲအန္တရာယ်များရရှိစေသည်။ အရွယ်မတိုင်မီ အရက်ကြောင့် ၎င်းပြဿနာများ ပိုဖြစ်စေသည်။

အစားအစာလုံခြုံရေး Food Security
ကျောင်းနေသည့်ကလေးများအား ကျောင်းက နေ့စဉ်ကြွေးခြင်းမျိုး ရှိတတ်သည်။ ထိုအခါ အစားအစာက တဆင့်ရသည့် ကျန်းမာရေး ပြဿနာများ ရစေတတ်သည်။ အစားအစာချက်ပြုတ်ရာ၌ ကျန်းမာရေးနှင့် မညီခြင်း၊ အာဟာရ မပြည့်ဝခြင်းတို့ ဖြစ်တတ်သည်။ အစားအစာ ချက်ပြုတ်သူက ကူးစက်ရောဂါ၊ မသန့်ရှင်းမှုရှိခြင်း၊ အစားစာထုပ်ပိုး၊ သယ်ဆောင်သည့် ပစ္စည်းများက မသန့်ရှင်းခြင်း၊ အာဟာရ မပြည့်ဝခြင်း၊ ကလေးများ စနစ်တကျစားသောက်တတ်ရန် သင်ကြားပေးမှု မရှိခြင်း၊ ထိုသို့ ကြွေးမွေးခြင်းအစီအစဉ် မရှိခြင်းကြောင့် ဆင်းရဲသော ကလေးများ အာဟာရ နည်းနေတတ်သည်။ အစိုးရတို့၏ တာဝန် ဖြစ်သည်။ အန္တရာယ်မကင်းသောဆေးဆိုးသည့် သွားရည်စာများ၊ မသန့်သည့် သောက်ရေတို့ကို စစ်ဆေးမှုရှိရမည်။ ဥပမာ သောက်ရေ၌ ကလိုရင်းဆေးပြားခပ်ပေးခြင်း၊ ယင်ကောင်မနားအောင်ထားသိုခြင်း၊ ကြွက်မလာအောင် စီမံခြင်း၊ ပုပ်သိုးခြင်းမရှိအောင် ဂရုစိုက်ခြင်း၊ ရာသီဥတုအလိုက် မစားသင့်သော အစားအစာ၊ စားသင့်သော အစားအစာများ စီမံပေးခြင်း၊ လိုအပ်လျှင် အားဆေးများတိုက်ခြင်း ဥပမာ ဗီတာမင် အေ၊ ဘီ၊ သံဓါတ်၊ သန်ချဆေး။

အာဟာရ
အာဟာရ ပြည်စွာစားသုံးပါက ရောဂါ အများအပြားကို ကာကွယ်နိုင်သည်။ ဥပမာ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကလေးများ ကိုယ်-စိတ် ဖွံ့ဖြိုးစေရန် အာဟာရ အရေးကြီးသည်။ မဆင်ခြင်ပါက သွားရောဂါ ဖြစ်စေသည်။ အာဟာရ မပြည့်စုံက သွေးအားနည်းရောဂါ၊ ဗီတာမင် နည်းရောဂါများ ဖြစ်စေသည်။ ဤအရွယ်၌ အာဟာရ ကောင်းကောင်း လိုအပ်သည်။ မျှတသည့်အစားအစာ စားတတ်၊ စားနိုင်ဖို့လိုအပ်သည်။ (ကလိုရီ) ပြည့်ဝစေရန် လိုအပ်သည်။ အသားဓါတ်၊ ဗီတာမင် (အေ၊ ဘီအုပ်စု၊ စီ)၊ ဓါတ်ဆားများ (ကယ်လ်စီယမ်၊ သံဓါတ်)၊ အစားအစာ ချက်-ပြုတ်-ကြော်-လှော်ရာ၌ သန့်ရှင်းမှုရှိရန် လိုသည်။

ကိုယ်လက်လှုပ်ရှားမှု
ကိုယ်လက်လှုပ်ရှားမှုကြောင့် ရောဂါအများအပြားကို ကာကွယ်နိုင်သည်။ ဥပမာ အရွယ်မတိုင်မီ ဆုံးပါးခြင်း၊ နှလုံးရောဂါ၊ သွေးတိုး၊ အူမကြီးကင်ဆာ၊ ဆီးချို၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်စေပါက ခံနိုင်ရည်ကောင်းစေသည်။ အရိုးမာစေသည်။ အလေးချိန်မျှတစေသည်။ စိတ်ကြည်လင်စေသည်။ မိမိကိုယ်ကိုမိမိ အားကိုးယုံကြည်စိတ် တိုးစေသည်။ အားကစား တမျိုးမျိုးကို လိုက်စားစေခြင်းဖြင့် မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်စသည်တို့မှ ဝေးကွာစေနိုင်သည်။

ထိခိုက်ဒဏ်ရာများ


ထိခိုက်ဒဏ်ရာနှင့် အကြမ်းဖက်မှုများကြောင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်စေသည်။ ဒုက္ခိတဖြစ်ခြင်း၊ အသက် ဆုံးရှုံခြင်းတို့ ဖြစ်စေသည်။ ကလေးများမှာ ယာဉ်တိုက်ခံရမှုများ ပို၍ ခံရနိုင်သည်။ ယမ်း-ဗျောက်-မီးရှူး၊ မီးပန်းတို့ကြောင့်လည်း ကလေးများ၌ ပို၍ အန္တရာယ်များစေသည်။ လျှပ်စစ်၊ မီး၊ ဓါတ်ငွေ့များကြောင့်လဲ ကလေးများကို အန္တရာယ်များစေသည်။ စာမေးပွဲကျ၍၎င်း၊ စိတ်ကျရောဂါကြောင့်၎င်း မိမိကိုယ်ကို သတ်သေမှုများ ဖြစ်စေတတ်သည်။ အမြင့်က လိမ့်ကျခြင်း၊ ခေါင်းကိုခိုက်မိခြင်း၊ အရိုက်ခံရခြင်း တို့ကြောင့် ဦးခေါင်း၊ ကိုယ်အင်္ဂါများ ထိခိုက်စေသည်၊ အရွယ်အရောက်ဘဲ ကား၊ ဆိုင်ကယ် မောင်းစေ၍၊ ခိုးမောင်း၍ အသက်သေသည်အထိ ဖြစ်စေသည်။ အချို့မှာ အကြမ်းဖက်မှုကို ပြုမူတတ်သည်။ ခဏခဏ ရန်ဖြစ်တတ်သည်။ အတိုင်းအဆကို၎င်း၊ နောက်ဆက်တွဲဖြစ်လာမည်များကို မသိသေး၍ ပိုဆိုးသည်။

အကြမ်းဖက်မှုများစေသော လူရွယ်များ
ယခင်က ထိုသို့ဖြစ်ဖူးသူများ၊
ဆေးဝါး၊ အရက်၊ ဆေးလိပ်သုံးစွဲသူများ
ရိုင်းစိုင်း၊ ကြမ်းတမ်း၊ ပညာနည်းသူများနှင့် အပေါင်းအသင်းလုပ်သူများ၊
အဆင်မပြေသည့် မိသားစုမှ ပေါက်ဖွား၊ နေထိုင်ရသူများ၊
ပညာရေး အဆင့်နိမ့်သူများ၊ အမှတ်နည်းသူများ၊
ဆင်းရဲမွဲတေသည့် ပါတ်ဝန်းကျင်၌ နေထိုင်ရသူများ၊

မည်သို့ ကောင်းအောင် လုပ်ပေးမည်နည်း
မိဘ၊ ဆရာ-ဆရာမ၊ အမ-အကို၊ ဦးလေး-အဒေါ် တို့ ကိုယ်တိုင်က ပညာဗဟုသုတရှိရန်လိုသည်။
မိဘများအား သင်တန်းများပေးရမည်။ ဆရာ-မိဘများနှင့် ပတ်သက်သည့် အစီအစဉ်များ စီစဉ်ပေးရမည်။ အကြမ်းမဖက်ဘဲ ခြေရှင်းနည်းများ သင်ကြားပေးရမည်။
အစိုးရတို့က ပေါ်လစီ ချမှတ်ပေးရမည်။ အစိုးရမဟုတ်သော အဖွဲ့များကလဲ ကူညီရမည်။
လိင်နှင့်ပတ်သက်သော ပညာပေးခြင်းကို သက်ဆိုင်ရာအစိုးရများက သက်ဆိုင်ရာ လူမှုဝန်းကျင် အခြေအနေများအရ သတ်မှတ်ပြဌာန်း လုပ်ဆောင်ပေးရမည်။
တိုးတက်သော အနောက်နိုင်ငံများက ကျင့်သုံးနေသာ လိင်ပညာ ပေးမှုမျိုးသည် အာရှ၊ အာဖရိက နိုင်ငံများအတွက် အသုံးမကျနိုင်။
နိုင်ငံတိုင်း၌ တူညီသော အခြေအနေအခံများ မရှိနိုင်ပါ။ ဥပမာ အမေရိကန်မှာပင် ကိုယ်ဝန် ဖျက်ချခွင့်ကို နိုင်ငံရေးပါတီကြီး ၂ ခုတို့ အမြင်မတူပါ။
မြန်မာနိုင်ငံသားများသည် အိန္ဒိယလူမျိုးတို့ကဲ့သို့ လူပျို-အပျိုပေါက်များကို လွှတ်ထားခြင်းမျိုးကို မြန်မာမိဘတိုင်းက လိုလားကြမည် မဟုတ်ပါ။

Reference

  1. Dr Tint Swe blog

Leave a comment