
Ajinomoto ဟင်းချိုမှုန့်
ကျနော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝ မစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံး ဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနှင့် ဓါတုဗေဓပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်က စတင်သုံးစွဲလာခဲ့ကြပါသလဲ။
နောက်ဆုံးမေးတာ ကျွန်တော် မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ ရေးတာဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ (အာဂျီနိုမိုတို) လို့သာ လူသိများတယ်။ Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ (ကော်ပိုရေးရှင်း) ရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame ခေါ်တဲ့ အချိုအတု ထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့ အကြီးဆုံးလုပ်ငန်း ဖြစ်တယ်။ အချိုမှုန့်ကို ဓါတုဗေဒနဲ့ ပြောရရင် Monosodium glutamate (MSG) ဖြစ်တယ်။ ဒေါ်လာ ၆၇ သန်းဘိုး ရောင်းနေရတယ်။
၁၉ဝ၈ မှာ တိုကျို ဘုရင့်တက္ကသိုလ် ပါမောက္ခ Kikunae Ikeda ကနေ Glutamic acid ကို အရသာထူးစေတဲ့ ဓါတ်အဖြစ် ပင်လယ်မှော်ထဲကနေ စတင်ဖေါ်ထုတ်ခဲ့တယ်။ ချိုတာလဲမဟုတ်၊ ငန်တာလဲမဟုတ်၊ ချဉ်တာလဲမဟုတ်၊ ခါးတာလဲမဟုတ်တဲ့ အရသာကို ပေးတယ်။ Suzuki (ဆူဇူကီး) ညီအစ်ကိုတွေကနေ ၁၉ဝ၉ ကတည်းက Aji-no-moto ဆိုပြီး ရောင်းတယ်။ “အရသာရဲ့ အသဲနှလုံး” လို့ အဓိပ္ပါယ်ရတယ်။
MSG ကို သုံးနေကြတာ နှစ်ပေါင်း ၁ဝဝ ကျော်ပါပြီ။ ဒါကြောင့် စိတ်ချနိုင်တယ်လို့ပြောလဲ မမှားပါ။ အမေရိကားမှာ FDA ကနေ ၁၉၇ဝ မှာ အသိအမှတ် ပြုပေးခဲ့တယ်။ ဒီကာလအတွင်းမှာ လေ့လာမှုတွေ အများကြီး သုတေသန လုပ်ခဲ့ပါတယ်။ နိုင်ငံတကာရော ဂျပန်က လေ့လာမှုတွေအရ ယေဘုယျပြောရင် စိတ်ချရတယ်လို့ ဆိုနိုင်တယ်။
MSG သက်သက်က အရသာ မထူးစေပါ။ တခုခုနဲ့ရောရတယ်။ အသားနဲ့၊ ငါးနဲ့၊ အသီးအရွက်နဲ့ ရောတာမျိုး လုပ်ရတယ်။ မြန်မာတွေကတော့ လက်ဖက်ထဲ၊ အသုတ်မှန်သမျှထဲ ထည့်ကြတယ်။ ဘယ်ဟင်းထဲမှာ ဘယ်လောက် ရောရမယ်ဆိုတာတော့ မတူဘူး။ အချိုမှုန့်က များသွားပြန်ရင်လဲ အရသာပျက်တယ်။ MSG 1 gm/100 ml ထက်ကျော်တာနဲ့ စားလို့ မကောင်းတော့ဘူး။
လူ့ကိုယ်ကနေ Glutamate ကို ကျေချက်နိုင်ပါတယ်။ အဆိပ်ဖြစ်မှု အလွန်မတန်နည်းတယ်။ ကြွက်တွေကိုစမ်းတော့ 15 to 18 g/kg ပေးရင် သေစေနိုင်တာ တွေ့ရတယ်။ ဆားကို 3 g/kg ပေးရင် သေစေနိုင်တာမို့ ၅ ဆနည်းတယ်။ MSG ကို ဝိုင်၊ ဗနီဂါ၊ ချောကလက်တွေကို လုပ်သလို Bacterial fermentation (ဗက်တီးရီးယား) သုံးပြီး ကစော်ဖေါက်သလို လုပ်ရတယ်။ နောက်တဆင့်မှာ ဆား ရောထည့်ရတယ်။ Soy sauce ပဲငန်ပြာရည် လုပ်တာနဲ့လဲ တူတယ်။
MSG ဟင်းချိုမှုန့် နဲ့ Sodium chloride ဆားဟာ အပြန်အလှန် ဓါတ်ပြုမှုရှိကြတယ်။ ဒါကြောင့် ဟင်းချိုမှုန့်ခပ်ရင် ဆား လျှော့ခပ်ရတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါရှိသူတွေနဲ့ မသင့်ဘူး။ ဆေးပညာအလိုအရ ဘေးထွက် ဆိုကျိုးတွေကို စာရင်းကောက်တော့ ရင်ပတ်နာ၊ ခေါင်းကိုက်၊ မျက်နှာနီမြန်း၊ ချွေးထွက်၊ မျက်နှာထုံကျင်၊ ပျို့-အန်ချင်၊ အားယုတ်၊ နှလုံးခုန်မြန်တာတွေလို့ ဆိုပါတယ်။
ဒါနဲ့ Chinese Restaurant Syndrome “တရုတ်စားသောက်ဆိုင်ရောဂါ” လို့ ၁၉၆၈ ကတည်းက ခေါ်တယ်။ ဆေးပညာအရ MSG symptom complex လို့ ခေါ်တယ်။ “တရုတ်စားသောက်ဆိုင်ရောဂါ” ရဲ့ အကြောင်းတရားဟာ MSG လို့ ၁၉၆၈ အစီရင်ခံစာက ဆိုပါတယ်။ အဲဒီကတည်းကနေ သုတေသနတွေ လုပ်ကြပေမဲ့ ဟင်းချိုမှုန့် နဲ့ ရောဂါလက္ခဏာတွေ ဆက်စပ်မှုကိုတော့ သက်သေမပြနိုင်သေးပါ။
တရုတ် စားသောက်ဆိုင်တိုင်းက ဟင်းချိုမှုန့်မသုံးလို့ “တရုတ်စားသောက်ဆိုင်ရောဂါ” လို့ ခေါ်တာ မမှန်နိုင်ဘူး။ ဒါကြောင့် အမေရိကားမှာ American Diet Syndrome “အမေရိကန် အစားအသောက်ရောဂါ” လို့ ခေါ်လိုက်တယ်။ သူတို့ဆီမှာ လူတိုင်းစားသောက်ကြတဲ့အထဲက တရားခံ (၁) ဟာ KFC chicken (ကေအက်ဖ်စီ) ကြက်ကျော် နဲ့ (၂) က Burger King (ဘာဂါ) ဖြစ်တယ်လို့ ထောက်ပြထားတယ်။ မတည့်သူမှာ ပန်းနာဖြစ်နိုင်တယ်။ သူ့ကြောင့် ခေါင်းကိုက်တာကို Hot dog headache ခေါ်တယ်။
Slow Poisoning of America “အမေရိကန်တွေကို တဖြေးဖြေး အဆိပ်သင့်နေပြီ” ဆိုတဲ့ စာအုပ်တအုပ် ရှိတယ်။ အမေရိကန်တွေ အလွန်ဝစေတဲ့ တရားခံလို့ ဆိုထားတယ်။ စွဲစေတယ်လို့လဲ ထောက်ပြတယ်။ အစားအသောက် စွဲလမ်းမှုတွေထဲမှာ အရက်၊ ဝိုင်၊ ဆား နဲ့ ဟင်းချိုမှုန့်တွေ ထည့်ပြီး ချက်ပြုတ် ကျော်လှော်တာတွေ ပါတယ်။ The Taste That Kills “သေစေတဲ့ အရသာ” ဆိုတဲ့ စာအုပ်ကတော့ MSG ကနေ ကလေးတွေရဲ့ ဦးနှောက်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
“သဘာဝအရာ မဟုတ်သမျှ စိတ်မချတဲ့ အယူအဆ” ဟာ မလွန်ကဲရင် ကောင်းတာချည်းပါဘဲ။
Reference
- Dr. တင့်ဆွေ blog
