
Eczema နှင်းခူနာ
Eczema ရောဂါကြောင့် စိတ်ဆင်းရဲနေရပါတယ်။ ဖြစ်တာ တစ်လလောက် ရှိပါပြီ။ ပြည်ပတိုင်းပြည်မှာ ရောက်နေတာပါ။ ဒီရောဂါရပ်ပိုင်းဆိုင်ရာ ဗဟုသုတ နဲ့ ရှောင်ရန်-ဆောင်ရန်လေးတွေ သိချင်ပါတယ်။
အရေပြားမှာ ပျောက်နိုင်ခဲတဲ့အနာတွေကို Dermatitis အရေပြားနာလို့ ယျေဘုယျခေါ်တယ်။ အများဆုံးဖြစ်တာက Eczema (Atopic dermatitis) နှင်းခူနာ ဖြစ်ပါတယ်။ သူကလဲ အမျိုးအစားတွေ များတယ်။
ဘယ်အရွယ်မဆို ဖြစ်တယ်။ ကျား-မ မရွေးဖြစ်တယ်။ ၅ နှစ်အောက် ငယ်သူတွေမှာ အဖြစ်သိပ်နည်းတယ်။ ငယ်သူတွေဖြစ်ရင် ပျောက်တာ များတယ်။ ကြီးမှဖြစ်ရင် မပျောက်နိုင်တာ များပြီး မျိုးရိုးလိုက်နိုင်တယ်။ မိသားစုထဲမှာ (အလာဂျီ) ရတတ်သူတွေ ရှိနေမယ်။ ပန်းနာတို့ ဟိုဟာမတည့် ဒီဟာမတည့်ဖြစ်တာတို့ကို ပြောတာပါ။ လူကြီးတွေ ၁ဝဝ မှာ ၁-၂ ယောက်၊ ကလေး ဆိုရင် ၅ ယောက်မှာ ၁ ယောက်လောက် ဖြစ်တယ်။ မိန်းကလေးတွေမှာ ပိုများတယ်။ ကူးစက်ရောဂါ မဟုတ်ပါ။
ဘာလို့ လာဖြစ်ရသလဲ။ ဆရာဝန်တွေ သိပ်နားမလည်ကြသေးပါ။ မတည့်တာနဲ့ တွေ့ထိတာကနေ စတယ်ဆိုတာတော့ သေခြာတယ်။ ဆပ်ပြာ၊ အလှအပပစ္စည်း၊ အဝတ်အစား၊ အစားအသောက်၊ လက်ဝတ်ရတနာ၊ ချွေးထွက်တာ၊ အမှုံအမွှား၊ ဓါတုဆေးရည်၊ လေစိုထိုင်းဆ နည်းတာ၊ မတည့်တဲ့ လိမ်းဆေး၊ အဝတ်အစားကြမ်း၊ ချွေး၊ ရာဘာ၊ ပလပ်စတစ် အသုံးအဆောင်၊ ပွတ်တိုက်မှု၊ ဗက်တီးရီးယား၊ တမျိုးမျိုးကို ဆက်တိုက် ကိုင်တွယ် နေရတာတွေကနေ ဖြစ်နိုင်တယ်။ တချို့ကြ ရာသီဥတုနဲ့ ဆိုင်တယ်။ တချို့မှာ စိတ်နဲ့ပတ်သက်ပြန်သေးတယ်။
စဖြစ်လာပုံကလဲ တယောက်နဲ့တယောက် မတူတတ်ဘူး။ ဖြစ်မဲ့နေရာမှာ နီရဲလာမယ်၊ ယားမယ်၊ ပူလောင်နေမယ်၊ ကုတ်ရင်းကနေ အဖူးပေါက်လာ၊ အနာဖြစ်လာနိုင်တယ်။ ကြာတော့ အရေပြားက ထူလာမယ်။ ခေါင်းကနေ ခြေထောက် နှင်းခူနာ ပေါက်နိုင်တယ်။
အမျိုးအစားတွေကို ဆေးပညာအရတော့ ခွဲထားတယ်။
- Atopic dermatitis အများဆုံးအမျိုးအစားဖြစ်တယ်။ ယားမယ်၊ နာတာရှည်တယ်၊ အရေပြားရောင်နေမယ်။ ပေါ်လိုက် ပျောက်လိုက်နေမယ်။ မတည့်သာနဲ့ တွေ့ရင် ပြန်ဖြစ်တဲ့သဘောဘဲ။
- Contact eczema မတည့်တာနဲ့ ထိတွေ့မှုကနေဖြစ်တဲ့ အမျိုးအစား၊
- Seborrheic eczema အဆီပြန်နေတာမျိုး။
- Nummular eczema အဝိုင်းပြားလေး သဏ္ဌာန်ရှိတယ်။
- Neurodermatitis (simplex chronicus) အသက် ၂ဝ-၅ဝ ကြား အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ စိတ်ဖိအားနဲ့ပါ ဆက်စပ်တယ်။ အာရုံကြောနဲ့ ဆိုင်တယ်။
- Stasis dermatitis ခြေထောက်မှာ အဖြစ်များတယ်။ သွေးလှည့်ပတ်မှုနဲ့ ဆိုင်တယ်။ သွေးပြန်ကြောထုံးသူတွေမှာ ဖြစ်တယ်။
- Dyshidrotic eczema (Dyshidrotic dermatitis) လက်ဖဝါး၊ ခြေဖဝါးတွေမှာ အဖြစ်များတယ်။
ဆေးကုရတာ ခက်ပါတယ်။ ယားတာ-ရောင်တာ သက်သာအောင်၊ ပိုမဆိုးအောင် လုပ်ပေးရတာ များတယ်။
- လူနေမှုဘဝ ပုံစံပါ ပြောင်းဘို့ လိုတတ်တယ်။ မတည့်ဘူးလို့ အသေအခြာ သိတာကို ရှောင်ပါ။ လက်ရှိအလုပ်ကနေ ပြောင်းနိုင်ရင် ပြောင်းရမယ်။
- ဆေးလဲ တမျိုးတမျိုးပြောင်း သုံးရတတ်တယ်။ လိမ်းဆေးထဲမယ် ရေနည်းနည်းနဲ့ ဆီများတာ မသင့်ဘူး။
- Corticosteroid creams လိမ်းဆေးတွေက Inflammatory reaction ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေတယ်။ ဒီဆေးမျိုးတွေကလဲ Mild ခပ်ပြော့ပြော့၊ Medium ခပ်လတ်လတ် နဲ့ High-potency အပြင်စားတွေ ရှိတယ်။
- သိပ်ယားနေရင် Antihistamines (အင်တီဟစ်တမင်း) စားဆေးတွဲပေးရတယ်။ အိပ်တဲ့သတ္တိပါတာမျိုး ဥပမာ Diphenhydramine (Benadryl), Hydroxyzine (Atarax, Vistaril) နဲ့ Cyproheptadine တွေ သုံးသင့်တယ်။
- တခါတလေ Corticosteroids (Prednisone) စားဆေးပါပေးရတယ်။ ရက်တိုသာ သုံးရမယ်။
- Ultraviolet light therapy (Phototherapy) ခရမ်းလွန်-ရောင်ခြည်နဲ့လဲ ကုနိုင်တယ်။
- Immunosuppressant (Cyclosporine) ရောဂါပြီးတာကို သက်ရောက်စေတဲ့ ဆေးမျိုးကိုလဲ တခါတလေ သုံးနိုင်တယ်။ Coal tar သုံးနိုင်တယ်။
- FDA ကနေ အသိအမှတ်ပြုထားတဲ့ဆေး ၂ မျိုးရှိတယ်။ Tacrolimus (Protopic) နဲ့ Pimecrolimus (Elidel) တွေ ဖြစ်ကြတယ်။ ဒီဆေးတွေက ရောဂါပြီးတာကို သက်ရောက်စေတဲ့ ဆေးမျိုး Calcineurin inhibitors အုပ်စုဝင် ဆေးတွေ ဖြစ်တယ်။ ၂ နှစ်အောက် ကလေးတွေတော့ မပေးသင့်ဘူး။ ကြီးတဲ့သူတွေမျာလဲ သတိနဲ့သာသုံးပါ။

ဆရာဝန်မပါဘဲ လုပ်သင့်တာတွေ ရှိတယ်။
• ခဏခဏ ရေချိုးတာ ကောင်းတဲ့ (အိုင်ဒီယာ) မဟုတ်ဘူး။ ရိုးရိုး၊ ခပ်ပြော့ပြော့ ဆပ်ပြာသာ သုံးပါ။ ရေခပ်နွေးနွေးသာ ကောင်းတယ်။
• ရေချိုးပြီးရင် Moisturizer လိမ်းပါ။ Plain petroleum jelly (Vaseline) က ဈေးလဲချိုတယ် ကောင်းတယ်။
• ဆပ်ပြာ၊ ရေမွှေး၊ အလှသုံးပစ္စည်း၊ လက်ဝတ်ရတနာ၊ ပါတ်ဝန်းကျင် အမှုံအမွှား တတ်နိုင်သလောက် ရှောင်ပါ။
• အဝတ်အစား တင်းကြပ်လွန်းတာ ရှောင်ပါ။ (ကော်တွန်) ပိုသင့်တယ်။
• ယားတဲ့နေရာမှာ အေးတာ တင်ပေးပါ။
• မတည့်ဘူး သေခြာတဲ့ အစားအစာ ရှောင်ပါ။
• လက်အိတ်သုံးပါ။
• ချွေးထွက်စေတဲ့အလုပ်မျိုး ရှောင်ပါ။
• အခန်းကိုတော့ အေးနေပါစေ။ (အဲယားကွန်း) ကရေငွေ့ဓါတ်နည်းစေတယ်။ အခန်းထဲမှာ Humidifier သုံးပါ။
• အရေပြားသန့်ရှင်းရေး ဂရုစိုက်ပါ။
• လေ့ကျင့်ခန်းလုပ်တာ နဲ့ တရားထိုင်တာ၊ အလွန်ကောင်းပါတယ်။
Clobetasol Propionate and Neomycin Sulphate Skin Cream (Tenovate GN) contains: Clobetasol Propionate BP 0.05% w/w; Neomycin Sulphate IP 0.5% w/w; Imidurea USPNF (as preservative) 0.3% w/w
အထက်ပါ လိမ်းဆေးအကြောင်း သိပါရစေရှင့်။
• Tenovate-GN cream လိမ်းဆေးဟာ Corticosteroid-responsive dermatoses အရေပြားနာတွေထဲက (စဆီရွိုက်) ဆေးနဲ့ သက်သာစေနိုင်တဲ့ အနာတွေအတွက် ဖြစ်တယ်။ နာတာရှည် အနာ၊ ယားနေတာ၊ နီရဲ နေတာတွေအတွက် ဖြစ်တယ်။ ဥပမာ Eczema, dermatitis or psoriasis နှင်းခူနာ။ ပိုးထပ်ဝင်နေတာအတွက် Neomycin Sulphate ဆေးပါ ထည့်ထားတယ်။
• တနေ့ ၂ ကြိမ် လိမ်းရတယ်။
• အသက် ၁၂ နှစ်အောက် ကလေးတွေ မသင့်ဘူး။
• Hypersensitivity ဆေးလိမ်းလို့ မတည့်သူလဲ ရှိတတ်တယ်။
• Heart failure, Myocardial infarction, Hypertension နှလုံးရောဂါတွေနဲ့ သွေးတိုးရှိသူတွေ မသင့်ဘူး။ Diabetes mellitus ဆီးချို၊ Epilepsy ဝက်ရူးပြန်၊ Glaucoma ရေတိမ်၊ Hypothyroidism လည်ပင်းကြီး-ဟော်မုန်း နည်းသူ၊ Hepatic failure အသဲမကောင်းတော့သူ၊ Renal impairment ကျောက်ကပ်မကောင်းသူ၊ Psychoses စိတ်ရောဂါ ရှိသူတွေနဲ့ မသင့်ဘူး။ မျက်စိထဲ မဝင်စေရဘူး။
• ကိုယ်ဝန်ဆောင်တွေအတွက် Category C သတ်မှတ်ထားတယ်။ မသင့်ဘူး။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။
Reference
- Dr. တင့်ဆွေ blog
