
Scabies ယားနာ (ဝဲ)
ကျွန်မမှာ Scabies ရောဂါခံစားနေရပါတယ်။ အခုလောလောဆယ် (့) မှာနေပါတယ်။ ဒီရောဂါက ရန်ကုန်က ပါလာပုံ ရပါတယ်။ ဘယ်ကကူးမှန်းတော့ မသိပါဘူး။ ပေါင်မှာ စဖြစ်ပါတယ်။ အမြဲယားနေပေမဲ့ အမှုမဲ့အမှတ်မဲ့ပါပဲ။ ယားနာပဲ ထင်လို့ ဆေးလဲမလိမ်းဖြစ်ပါဘူး။ ဒီအတိုင်းပျောက်သွားမယ်လို့ ထင်မိပါတယ်။ ဒီလိုနဲ့ မေလ ကုန်လောက်ကစပြီး ခြေထောက်နဲ့ လက်တွေမှာ စပွားလာပါတယ်။ ယားယားနေလို့ ကုပ်မိပါတယ်။ မသင်္ကာလို့ Internet မှာ ရှာကြည့်တော့မှ Scabies မှန်း ပုံတွေကြည့်ပြီး သိရပါတယ်။ တခါမှလည်း ဒီရောဂါ မခံစားဖူးတဲ့အတွက် တုန်လှုပ် သွားမိပါတယ်။ နေ့ခင်းဘက်သိပ် မယားပေမဲ့ ညဘက် ယားတတ်တော့ မသိပဲနဲ့ကုပ်မိရင်း ပွားနေတော့တာပါပဲ။ ဒီက ဆေးဆိုင်မှာ scabies ပျောက်ဆေးတွေ ဝယ်လိမ်းပါတယ်။ မသက်သာပါဘူး။
• Scabies ဝဲ ဆိုတာ Sarcoptes scabiei ခေါ်တဲ့ Mite (မိုက်) အကောင်လေးတွေ အကိုက်ခံရတာကနေ ဖြစ်တယ်။ ကူးစက်တယ်။
• Scabies စာလုံးက လက်တင်ကနေလာတယ်။ ၇ နှစ်အယားလို့ အရပ်ခေါ်ခေါ်တယ်။ လူရောတိရစ္ဆာန်တွေပါ ဖြစ်တယ်။ ယားတိုင်းတော့ ဝဲ မဟုတ်ပါ။
• အရေပြားရဲ့ အစဉ်းကြောင်းနေရာလေးတွေမှာ သက်တမ်း ၃ဝ ရက်သာရှည်တဲ့ (မိုက်) အမကောင်လေးတွေက ဥ အုချတယ်။ ၃-၄ ရက်နေရင် လောက်ကောင် ဖြစ်လာပြီး ၁၄-၁၇ ရက်မှာ အကောင်ဖြစ်လာတယ်။ လူ့ကိုယ်ပေါ်မှာ မဟုတ်ရင် ၃ ရက်သာ အသက်ရှင်ကြတယ်။
• Dermatitis အရေပြားနာ၊ Syphilis (ဆစ်ဖလစ်)၊ Allergic reactions (အလာဂျီ)၊ Lice သန်း၊ Fleas မွှားတွေနဲ့ ခွဲခြားရမယ်။
• ဝဲမှန်ရင် ဆေးဆိုင်မှာ အလွယ်ဝယ်ရတဲ့ဆေးနဲ့ မပျောက်တတ်ပါ။ ဆရာဝန်လက်မှတ်နဲ့ ဝယ်လို့ရတဲ့ ဆေး အမျိုးအစားနဲ့မှသာ ပျောက်တာလဲရှိတယ်။ တခုရှိတာက ဆေးဝယ်လို့ရတာ နိုင်ငံတွေက မတူကြပါ။
• ဆေးလိမ်းရပြီဆိုရင် လည်ပင်းကနေစပြီး အောက်တကိုယ်လုံးကို လိမ်းရတယ်။ ကလေးငယ်လေးတွေဆိုရင် ဦးရေခွံ၊ လည်ပင်း၊ မျက်နှာမှာပါ လိမ်းရတတ်တယ်။ မျက်စိထဲ၊ ပါးစပ်ထဲမဝင်အောင် သတိထားရတယ်။
• ဆေးတွေကတော့ –
- Permethrin cream 5% (Elimite) (Nix) ယားမယ်၊ ပူလောင်မယ်၊ 91% to 98% ထိရောက်တယ်။
- Ivermectin (Stromectol) pills ပျို့ချင်မယ်၊ ခေါင်းမူးမယ်၊ ယားမယ်၊ ဗိုက်နာမယ်၊ ကိုယ်ပူမယ်၊ နှလုံးခုန်မြန်မယ်။ 73% to 98% ထိရောက်တယ်။
- Lindane (Kwell) 1% cream or lotion အာရုံကြောထိခိုက်နိုင်တယ်၊ အသဲ-ကျောက်ကပ်ထိခိုက်မယ်၊ ခေါင်းမူးမယ်၊ 85% to 98% ထိရောက်တယ်။ ဘေးထွက်-ဆိုးကျိုး ပိုများလို့ တခြားဆေးနဲ့ မရသူတွေကိုသာ သုံးသင့်တယ်။
- Sulfur ointment 5% to 10% ဆေးဖယောက်ချက်ခေါ်တယ်။ (ဆာလ်ဖါ) ကန့်ဓါတ်ပါဆေးဖြစ်တယ်။ ကလေးတွေ၊ နို့တိုက်မိခင်တွေအတွက် သုံးနိုင်တယ်။
- Crotamiton 10% (Eurax) ဆေးက ပိုးမွှားတွေရဲ့ ဥကိုမသေစေနိုင်ဘူး။
• လိမ်းဆေးကို ၈-၁၄ နာရီ နေရင် ရေနဲ့ဆေးပြစ်ရတယ်။ ၁-၃ ရက်နဲ့ ပျောက်တာများတယ်။
• Permethrin (Elimite cream) လိမ်းဆေးကို အများဆုံးသုံးတယ်။ ကလေးတွေဆိုရင် Permethrin, Crotamiton နဲ့ Sulfur ointment တွေကိုသာသုံးသင့်တယ်။
• Crusted (Norwegian) scabies ဆိုတာက အသက်ကြီးသူတွေ၊ ကိုယ်ခံအားနည်းသူတွေမှာဖြစ်တယ်။ ဖြစ်တာ ရှားပြီး ဆေးနည်းတခုတည်းနဲ့ မရတတ်ဘူး။
• ဝဲဖြစ်စေတဲ့ Mites (မိုက်) အကောင်လေးတွေ ဆေးကြောင့် သေသွားကြပေမဲ့ ဆက်ယားနေသေးတာက Allergic reaction အကိုက်ခံရတာကို (အလာဂျစ်) ဖြစ်စဉ်ကြောင့်ဖြစ်တယ်။ အဲဒါမျိုးကို Antihistamines (Benadryl) (အင်တီဟစ်တမင်း) ဆေးပေးတယ်။ Steroid creams (စတီရွိုက်) လိမ်းဆေးလိမ်းရမယ်။ သိပ်ဆိုးရင် Steroid pills (စတီရွိုက်) စားဆေးပါပေးရတယ်။
• တခါတလေ Ivermectin pills စားဆေးပါညွှန်မယ်။ အကျိတ်လေးတွေလို ဖြစ်နေတာမျိုးဆိုရင် Steroids injections (စတီရွိုက်) ထိုးဆေးကို Nodules အကျိတ်ထဲ ထိုးပေးရတာမျိုးလဲရှိတယ်။ အဲဒါမျိုးကို Coal tar products ကတ္တရာဆေး လိမ်းရတာလဲ ရှိတယ်။
• ဖွတ်လျှော်လို့ရတာ မှန်သမျှ လျှော်ပြစ်ပါ။ လျှော်မရတာတွေကို Dry-clean အခြောက်လျှော်နည်း သုံးပါ။ နေ့တိုင်း လျှော်နေဘို့ မလိုပါ။ Crusted scabies ဆိုရင်တော့ လိုနိုင်တယ်။
• တအိမ်တည်းမှာ တယောက်ဖြစ်နေရင် သူနဲ့ အနီးကပ် ထိစပ်မှုရှိသူတိုင်းကို ကူးနိုင်တယ်။ ဆေးကုဘို့လိုမယ်။
• ကူးစက်ခံရရင် အခုရောဂါလက္ခဏာ မပေါ်သေးပေမဲ့ ၄-၆ ပတ်နေရင် ပေါ်လာနိုင်တယ်။
Benzyl benzoate (ဘင်ဇိုင်း-ဘင်ဇိုးယိတ်)
• ဆေးရည်ကို နေရာတကာမှာဝယ်လို့ရတယ်။ နာမည်တော့ အမျိုးမျိုးရှိတယ်။
• Lice သန်းရော Scabies ဝဲပါပျောက်တယ်။
• မျက်စိထဲ၊ ပါးစပ်ထဲ၊ တခြားအရေပြားနုဖုံးနေတဲ့နေရာတွေကို မထိစေရဘူး။ အနာထဲလဲမထည့်ရဘူး။ မတော်တဆ ထိသွားရင် ရေဖွါးဖွါးဆေးလိုက်ပါ။ ဆေးကိုင်တဲ့လက်ကို ဆေးကြောပါ။
• Lice သန်းအတွက် (ခရင်မ်)၊ လိမ်းဆေး၊ ခေါင်းလျှော်ရည်တွေ ရှိနေရင် အရင်ဆေးပြစ်ပါ။ ဆေးလိမ်းထားတာကို ဆေးကြောမပြစ်ခင် ၂၄ နာရီစောင့်ပါ။ သန်းဥတွေပါသွားအောင် ဘီးစိတ် (0.3 mm) အနည်းဆုံး စိတ်တာကို သုံးပါ။
• Lice သန်းအတွက် တခါတည်းနဲ့ပျောက်တယ်။ ဆိုးရင် ၂-၃ ခါလိမ်းပါ။
• ကလေးငယ်လေးတွေ သုံးရင် ရေ ၃ ဆနဲ့ရောပြီးမှ တကြိမ်သာ လိမ်းပေးပါ။ ကလေးကြီးရင် ရေတဆနဲ့သာရောပါ။
• သန်းရှိသူတွေသုံးတဲ့ ဘီး၊ ဆံပင်သုံးပစ္စည်းတွေကို ရေနွေး (65 °C or 150 °F) ထဲမှာ ၁ဝ မိနစ်ကြာစိမ်ထားပါ။ အဝတ်အစား၊ အသုံးအဆောင်တွေကို ရေနွေးနဲ့ ဆေးကြောပါ၊ လျှော်ပါ။ လျှော်မရတာကို အခြောက်လျှော်နည်း သုံးပါ။ မီးပူတိုက်ပါ။ လေပူမှုတ်ကရိယာသုံးပါ။
• တခြားအသုံးအဆောင်တွေ၊ ကစားစရာတွေကို ပလိပ်စတစ်အိပ်ထဲမှာ အလုံပိတ်ပြီး ၂ ပတ်ကြာ မသုံးဘဲထားပါ။ ဒါမှမဟုတ် Freezer ရေခဲခန်းထဲမှာ ပလပ်စတစ်အိတ်နဲ့ ၁၂-၂၄ နာရီထားပါ။ မွေ့ယာ၊ ကြမ်းခင်း၊ ကော်ဇောတွေ လေစုပ်ကရိယာနဲ့ သန့်ရှင်းပါ။
• Scabies ဝဲအတွက် အရေပြားပေါ်မှာ Cream, Lotion, Ointment, Shampoo တွေကို အရင်ဆေးပြစ်ပါ။ အရေပြား ခြောက်သွေ့ပြီးမှ ဆေးလိမ်းပါ။ ရေချိုးမပြစ်ခင် ၂၄ နာရီစောင့်ပါ။ ဝဲအတွက်လဲ တခါတည်းနဲ့ပျောက်တယ်။ ဆိုးရင် ၅ ရက်အထိ ဆက်လိမ်းပါ။ ကလေးငယ်လေးတွေ သုံးရင် ရေ ၃ ဆနဲ့ရောပြီးမှ တကြိမ်သာ လိမ်းပေးပါ။ ကလေးကြီးရင် ရေတဆနဲ့သာရောပါ။
• ဘေးထွက်-ဆိုးကျိုးတွေ = အရေပြားမှာ ပူလောင်တာ၊ ယားတာဖြစ်စေနိုင်တယ်။ ဆေးကုစရာ မလိုပါ။
• ဆေးသုံးတာများသွားရင် ဆေးထိတဲ့နေရာမှာ အပူဖူးပေါက်မယ်၊ ကွာကျမယ်၊ ယားမယ်၊ နီရဲနေမယ်၊ သွေးခြည်ဥမယ်၊ ခြောက်သွေ့နေမယ်။
• သိပ်ဆိုးဝါးရင် ဆီးသွားရခက်မယ်၊ ဆတ်ကနဲလှုတ်မယ်၊ သတိချို့ယွင်းမယ်။
Reference
- Dr. တင့်ဆွေ blog
